လူငယ်နှင့် ပရဟိတ – ကောင်းသန့်

(ကောင်းသန့် ၏ ဆောင်းပါးကို ပြန်လည် မျှဝေပါသည်)

လူ့ဘ၀ဆိုတာ တစ်ကြိမ်တစ်ခါသာရောက်ရသည့်နေရာဟု ဆရာချစ်စံဝင်း ပြောဖူးသည်။ မှန်ပါသည်။ လူ့ဘ၀ရဖို့ဆိုသည်မှာ လွယ်သည့်ကိစ္စမဟုတ်။ အင်မတန် အဖိုးတန်ကောင်းမြတ်ပြီး ရခဲသည့်လူ့ဘ၀ကို ရောက်ရှိပြီးတော့မှ တောင်လုပ်၊ မြောက်လုပ်နဲ့ အချိန်တန်အိမ်ပြန်သွားရမှာ အလွန်နှမြောဖို့ ကောင်းသည်။ အဖိုးတန်သည့်နေရာရောက်ပြီး တန်ဖိုးရှိသည့်ဘ၀ ရသွားကြစေချင်သည်။ လူအများစုသည် မောဟ လဟာနယ်တွင် ကိုယ့်အတ္တတွေနှင့် လွင့်မြောနေကြ၏။ မသိခြင်းတွေကြောင့် ကောင်းအောင်၊ တန်ဖိုးရှိအောင် ဘယ်လိုလုပ်ရမှန်းမသိဘဲ အတ္တမာနနှင့် လောဘ၊ ဒေါသကို ပေါင်းစပ်ကာ ညအိပ်မပျော်အောင် ပူလောင်သောဘ၀ကို ဖန်တီးခဲ့ကြ၏။ တချို့က အရမ်းကြီးချမ်းသာချင်သည်။ မိနစ်တိုင်းမှာ ကိုယ့်အတွက် ပိုက်ဆံဘယ်လိုရမလဲ အမြဲတွေးပြီး မတော်လောဘဖြင့် စီးပွားရှာကြ၏။ တချို့က လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ ငွေရှာ၏။ တချို့က လုပ်ပိုင်ခွင့်ရှိသူကို ကျိုးနွံစွာ ကျွန်ခံပြီး ရသမျှအခွင့်အရေး သိမ်းကြုံးယူကာ ငွေဖြစ်အောင်ဖန်တီး၏။ သိက္ခာကို ရိက္ခာဖြင့်လဲပြီး ကိုယ့်သမိုင်းကို ညစ်ထေးအောင် ရေးခဲ့ကြ၏။ ဘယ်သူသေသေ ငတေမာပြီးရောဟူသောစိတ်ဖြင့် လူ့တန်ဖိုးကင်းမဲ့စွာ အသက်ရှင်၏။ တန်ဖိုးရှိသော လူတစ်ယောက်ဘ၀ကို သူတို့လိုချင်ရကောင်းမှန်းမသိ။ တစ်နေ့ ထမင်းသုံးနပ်ထက် ပိုမစားနိုင်။ အ၀တ်သုံးစုံထက် ပိုမလဲနိုင်။ တစ်ညကို ခုတင်တစ်လုံးထက် ပိုမအိပ်နိုင်တာ သူတို့မေ့နေကြ၏။ ပိုက်ဆံတွေ အများကြီးရှာပြီး ထိုပိုက်ဆံတွေက ကိန်းဂဏန်းတွေဖြစ်သွားပြီး နေရာတိုင်းမှာ အရေးမပါတာ သူတို့မသိ။ ထိုမသိခြင်းတွေကြောင့် လူအများဒုက္ခရောက်အောင် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် ကိုယ်ကျိုးစီးပွားရှာကြ၏။ ကိုယ်လိုလူ လက်တစ်ဆုပ်စာ လူတန်းစားကြားတွင် အချမ်းသာဆုံးဂုဏ်ကို လိုချင်သဖြင့် သူ့ထက်ငါ ပြိုင်ဆိုင်နေကြသည်။ တန်ဖိုးရှိသော ဘ၀ဆိုတာ ဘာလဲ။ သူတို့မသိ။ သိချင်စိတ်လည်းရှိမထင်။ တန်ဖိုးရှိသော ဘ၀မျိုးလည်း မနှစ်သက် မလိုချင်။ ကိုယ့်စည်းစိမ်နှင့်ကိုယ် ပျော်ရွှင်နေကြပုံရ၏။ မမြဲသော ဥစ္စာပစ္စည်း၊ သင်္ခါရတရားအပေါ်တွင် အမြဲထာဝရမှတ်ထင်ပြီး ပျော်ရွှင်နေကြပုံရသည်။ တရားတွေနာကြားပြီး အမှားတွေလုပ်မှန်းသိခဲ့သော်လည်း ထိုအမှား၌သာ ပျော်မွေ့နေချင်တော့၏။ တန်ဖိုးရှိသောလူ တန်ဖိုးရှိသောဘ၀အကြောင်းတွေ နားညောင်းအောင် ပြောမနေပါနဲ့တော့။ သိပြီးသား။ တတ်ပြီးသား၊ မလုပ်ချင်လို့နေတာဟု ပြောကြမည်လားမသိ။ စင်စစ်သော် တန်ဖိုးရှိသောလူဆိုသည်မှာ တန်ဖိုးရှိသောအလုပ်ကို လုပ်သူဖြစ်၏။ တန်ဖိုးရှိသောအလုပ်ဆိုသည်မှာ မိမိကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ရွက်သူ ဖြစ်၏။ အများအတွက် အကျိုးရှိမည့် အလုပ်မျိုးကို မိမိအိတ်စိုက် အချိန်ပေးလုပ်ကိုင်ခြင်းသည် တန်ဖိုးရှိသည့်အလုပ်ဖြစ်ပါ၏။ ထိုအလုပ်မျိုးလုပ်ကိုင်နေထိုင်ခြင်းသည် တန်ဖိုးရှိသည့်ဘ၀ မည်ပါ၏။ လွယ်လွယ်ဆိုရသော် လူ့လောကကောင်းကျိုး သယ်ပိုးသည့် ပရဟိတအလုပ်သည် တန်ဖိုးရှိသည့်အလုပ်ဖြစ်ပါ၏။ ထိုအလုပ်မျိုးလုပ်နိုင်သည့် လူငယ်တွေဖြစ်ကြပါစေ။

ကောင်းသန့်

About ကိုမြတ်